Skip to main content

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။

အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။

RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။

ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။

နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကိုတော့ ဒီကောင်ကိုပဲ ဘလိန်းလိုက်မယ်။ သူနဲ့တူအောင် မွေးလာခံရတဲ့လူတွေမှာ အပစ်မရှိဘူး။

အနက်ရောင်က အရမ်းနက်လွန်းတယ်။ သူ့မှာ လှပတဲ့ အရောင် တစ်ခုမှမရှိဘူး။ ဒါပေမယ့် သေသေချာချာ ထိုင်ကြည့်ရင် သူဝမ်းနည်းနေတာမြင်ရတယ်၊ စူးစိုက်နားထောင်ရင် သူ့ငိုသံကို ကြားရတယ်။ လူတွေ အထီးကျန်လာရင် ဒါမှမဟုတ် စိတ်ဓာတ်တွေ အဆုံးထိ ကျလာရင် အမှောင်ထဲမှာ တစ်ယောက်ထဲ ထိုင်နေကြတယ်။ ခင်ဗျားတို့ ဘာကြောင့်လို့ထင်လဲ။ တကယ်က အဲ့လူတွေ တစ်ယောက်ထဲထိုင်နေကြတာမဟုတ်ဘူး။ သူတို့နဲ့ဘဝတူတဲ့ အမှောင် မြင်ရခံစားရတာက အနက်ရောင်နဲ့ အတူတူထိုင်နေကြတာ။ အသံမထွက်ပဲ ရင်ဖွင့်နေကြတာ။ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုနေကြတာ။ အငိုတိတ်အောင် ချော့နေကြတာ။

တကယ်က လူတွေရဲ့ဘဝဆိုတာ အရောင်တွေ အများကြီးနဲ့ စပ်ထားတာ။ တစ်ခါတစ်လေကျ အနီရောင်လိုသွေးတွေနဲ့၊ တစ်ခါတစ်လေကျ အစိမ်းရောင်သစ်ရွက်တွေလို စိမ်းလန်းနေပြီးတော့၊ တစ်ခါတစ်လေကျ ကောင်းကင်ကြီးလိုလူအများရဲ့ အပေါ်မှာ ပြာလွင်တောက်ပနေကြတယ်။ ခုနကပြောသလို ဒီအရောင်သုံးရောင် သေသွားရင် အနက်ရောင်ဖြစ်သလို လူတွေရဲ့ဘဝမှာလည်း အဲ့အရောင်တွေ သေသွားရင်အနက်ရောင်လို မှောင်မိုက်သွားကြတယ်။

ဒီလောက်မကောင်းတဲ့ အနက်ရောင်ဘာလို့ကြိုက်ကြတာလဲ။ လူတွေရဲ့ဘဝမှာ အရောင်စုံတာတွေ မတွေ့တာများလာတော့ အနက်ရောင်ကပဲ တစ်ခုတည်းသော အရောင်ဖြစ်လာတာလို့ ကျွန်တော်တော့ထင်တယ်။ အနက်ရောင်ကို ရူးရူးသွပ်သွပ် ကြိုက်တဲ့လူတွေမှာ များသောအားဖြင့် တော်တော်ကို ဆိုးရွားတဲ့ Dark Side တွေ ရှိကြတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့တွေ ဒီအနက်ရောင်ဘဝတွေကို အရောင်စုံအောင် ပြန်ပြောင်းပေးနိုင်တာ အချစ်မေတ္တာလို့ပဲထင်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အသက်ရှိတဲ့ အချိန်ခဏလေးမှာ ကိုယ့်အနားကလူတွေကို ပေးနိုင်သလောက်တာ အချစ်တွေ မေတ္တာတွေ ပေးလိုက်ဗျာ။ ကိုယ့်ကြောင့် လူတစ်ယောက်ဘဝ အရောင်ပြန်စုံလာရင် ဘယ်လောက် ဝမ်းသာစရာ ကောင်းလိုက်မလဲ။




Comments

Popular posts from this blog

ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ
နီးစပ်ဖို့ကြိုးစားခြင်းဟာ ဝေးကွာခြင်းကို အခွင့်အရေးပေးသလို ဖြစ်မယ်ဆိုတာကို ငါသိပါတယ်၊ ဂျူလီယာ။ ငါတို့တွေဟာ အသစ်သစ်တွေကို ရင်ခုန်တတ်ကြတာ ထုံးစံပဲမဟုတ်လား။ ဘယ်မှာ ငါတို့တင်းတိမ်ရောင့်ရဲနိုင်ခဲ့လို့လဲ။ ဘာပဲဖြစ်ဖြစ် ငါတော့ကြိုးစားကြည့်ချင်တယ်။ ငါတို့နှစ်ယောက်က စောက်ရမ်းခမ်းနားတဲ့ စုံစမ်းမှုတစ်ခု ဖြစ်နိုင်တာပဲ။ ပြီးတော့ ငါတဒင်္ဂလေးတွေကို ယုံကြည်တယ်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်လ၊ တစ်နှစ်။ မည်သည့် အချိန်အပိုင်းအခြားမဆို ငါလက်ခံနိုင်တယ်။ ငါတို့ ရယ်မောရင်း ကုန်ဆုံးကြမယ်၊ ရန်ဖြစ်ငိုကြွေးရင်း အချိန်ဖြုန်းကြမယ်။ မင်းပဲစဉ်စားကြည့်လေ၊ ငါတို့တွေ ကိုယ့်သက်တမ်းရဲ့နောက်ဆုံးရက်ကို ကိုယ်တိုင်သတ်မှတ်လို့မှမရတာ။ တကယ်လို့ရရင်တော့ မင်းရဲ့သက်တမ်းကုန်ဆုံးချိန်နဲ့ အနီးဆုံးစက္ကန့်ကို ငါ့အတွက် သတ်မှတ်လိုက်မယ်။ အကြောင်းက ငါ့မျက်လုံးတွေနဲ့ အသက်မဲ့တဲ့ မင်းခန္ဓာကြီး မမြင်သွားချင်လို့ပဲ။ မင်းလည်း ငါ့အတွက် အလွန်ဆုံးခံစားရရင် စက္ကန့်ပိုင်းပေါ့။ ဒီတစ်ခုတော့ ငါတစ်ကိုယ်ကောင်းဆန်လိုက်မယ်။ ငါတို့ရှင်ကွဲ ကွဲမလား၊ သေကွဲ ကွဲမလား ငါမသိဘူး။ ငါသိတာ ငါတို့ကြိုးစားခဲ့တယ်ဆိုတာလေး ကျန်သွားဖို့ပဲ။ ကျန်တာမင်းသဘောပဲ။