ဒီနေ့ အချိန်နဲ့ ပတ်သတ်တဲ့ ပရိုဂရမ်တစ်ပုဒ်ရေးရင်း ခေါင်းထဲ တွေးမိတယ်၊ ဘဝကြီးဟာ ပရိုဂရမ်တစ်ပုဒ်ဖြစ်ရင် ကောင်းမယ်ပေါ့။
Programming မှာ ကျွန်တော်တို့ဟာ Time Travel လို့ရတယ်။ ကျွန်တော်တို့ ဖြစ်ခဲ့ပြီးတဲ့ အရင်အချိန်တွေကို ပြန်သွားချင်လည်း ရတယ်၊ အခုလက်ရှိရောက်နေတဲ့ အချိန်မှာ ရပ်နေလို့လည်းရသလို၊ မရောက်သေးတဲ့နောက်တစ်နေ့ကိုလည်း သွားကြည့်လို့ရတယ်။ ကျွန်တော်တို့ နေချင်တဲ့ အခြေအနေမှာပဲ ကျွန်တော်တို့ လည်ပတ်နေလို့လည်း ရသလို မလိုချင်တဲ့ အချိန်တွေကိုလည်း ဖယ်ထုတ်ခွင့်ရှိတယ်။
Programming မှာ ကျွန်တော်တို့ဟာ အမှားတွေပြင်ခွင့်ရှိတယ်။ ‘ဒါ ငါ ပါ’ ဆိုတာကို ချမပြခင် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အမှားတွေကနေ ဘယ်သူမှ မသိလိုက်အောင် အကြိမ်ကြိမ် ဆွဲထူခွင့်ရတယ်။ မှားခဲ့တဲ့ အရာတွေကို ပြင်ခွင့်ရသလို မဖြစ်သေးတဲ့ အမှားတွေအတွက်လည်း ကြိုတင်ပြင်ဆင်နိုင်တယ်။
Programming မှာဆို ကိုယ်ဖြစ်ချင်တဲ့အရာတွေကြီးပဲလည်း ဖန်တီးထားလို့ရတယ်။ ကျွန်တော်တို့တွေ ထောင့်စေ့အောင် စဉ်းစားနိုင်လေ ကျွန်တော်တို့ ပရိုဂရမ်ဟာ ပြည့်စုံလေပဲ။
ဘဝကြီးသာ ပရိုဂရမ်တစ်ပုဒ်ဆို Conditional Operator တွေဟာ စောက်ပေါတွေ ဖြစ်နေမှာ သေချာတယ်။ ဒါဖြစ်ရင် ဒါလုပ်ဆိုတာတွေနဲ့ ကြိုသတ်မှတ်ထားလို့ရရင် မရေရာမသေချာတဲ့ လမ်းတွေဟာ LED မီးကြီးတွေနဲ့ ခလုတ်မထိ ဆူးမညိနိုင်လောက်အောင် ဖြောင့်ဖြူးနေလိမ့်မယ် ထင်တယ်။
Compiler ကောင်းကောင်းတစ်ခုရယ်၊ အဲ့ Compiler အလုပ်လုပ်ရမယ့် စက်ကောင်းကောင်းတစ်လုံးရယ်ပဲ လိုတယ်။
ကျွန်တော်တို့ဘဝရဲ့ Programmer ကရော ဘယ်သူလဲ။ ကျွန်တော်တို့ ကိုယ်တိုင်ပဲလား။ ဒါဆိုရင်တော့ Perfect ဖြစ်တဲ့ ဂရိုဂရမ်တစ်ပုဒ်ဖြစ်လာမှာ မဟုတ်ဘူး ထင်တယ်။ Beta Test ပေးမယ့် User တွေ မလုံလောက်ဘူး။ အမှားတစ်ချို့ရှိရင် ကျွန်တော်တို့ ပရိုဂရမ်ကို ဆက်မထိတော့မယ့် User တွေချည်းပဲ။ User အကုန်လုံးက အမှားမရှိတဲ့၊ ပြီးပြည့်စုံတဲ့ ပရိုဂရမ်တစ်ပုဒ်ပဲ တောင့်တကြတာ။ ဒါကလည်း သူတို့ကို အပြစ်တင်ခွင့်မရှိဘူး။ ကိုယ့်ပရိုဂရမ်ကိုယ် ပြီးပြည့်စုံအောင် မရေးနိုင်ခဲ့လို့ပဲ။ ပရိုဂရမ်က User တွေကို ငြင်းခွင့်မရှိပေမယ့် User တွေက ပရိုဂရမ်ကို ရွေးချယ်ခွင့်ရှိတယ်။ အကောင်းဆုံးဆိုတဲ့ ပရိုဂရမ်တစ်ပုဒ်ကိုပဲ လိုချင်ကြတာလေ။
အမှားတွေ ဘယ်လောက်ပဲရှိပါစေ ကျွန်တော့်ပရိုဂရမ်ကို အနွံတာခံ၊ ခွင့်လွှတ်ပြီး ဆက်သုံးပေးမယ့် User တစ်ယောက်ရှိလာမှာလား။ ကျွန်တော်ကရော အမှားမရှိတော့တဲ့ ပရိုဂရမ်တစ်ပုဒ် ဖြစ်လာမှာလား။
Comments
Post a Comment