Skip to main content

Relationshits

(မိန်းကလေးများ မဖတ်ရ၊ ဖတ်ပြီးရင်လည်း ကိုယ့်ရည်းစားကို ပြဿနာမရှာရ)

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော်များများ Online ကနေပဲ ရည်းစားရကြတာ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အပြင်မှာတွေ့လို့ စကားလိုက်ပြော စာလိုက်ပေးတဲ့ ခေတ်မမှီလိုက်လို့ဗျ။ အဲ့လိုလုပ်ဖို့ကလည်း ရုပ်ရှင်တွေထဲမှာပဲ ကြည့်လို့ကောင်းတာ အပြင်မှာကကျ မလွယ်ကူနေဘူး။ အထူးသဖြင့်တော့ ယောက်ျားတွေကို ဘယ်ပုဒ်မနဲ့ဖြစ်ဖြစ် ဂျေးအောင်းအောင် လုပ်လို့ရတဲ့ အခွင့်အရေး မိန်းမတွေမှာ ရှိတယ်။ ထားပါလေ ဒီကိစ္စက ဆက်ပြောရင်ခုတောင် ဝင်သွားနိုင်တယ်။ အမှန်အတိုင်းပြောရရင်တော့ အဲ့လိုဖြစ်မှာ ကြောက်တယ်ပေါ့ဗျာ။ အဲ့တာကြောင့်ပဲဘတ်စ်ကားပေါ်က အချောလေးတွေ လွတ်သွားတာ မနည်းဘူး။


အဲ့တော့ အနီးအနားက လူပဲရှာရတာပေါ့။ ကျောင်းတူတာမျိုးတို့ နေတဲ့မြို့တူတာမျိူးတွေထဲကပေါ့။ ဘာလို့လဲဆိုတော့ အဲ့လူတွေက ကိုယ်နဲ့ ဖေ့ဘုတ်ပေါ်မှာ ဖရန်းဒ်ဖြစ်နေနိုင်တာမျိုးကိုး။


အဲ့တော့ဗျာ ကောင်မလေးတစ်ယောက်ကြိုက်တယ် ဆိုပါတော့။ စကားပြောဘာညာပေါ့။ ဒါပေမယ့် ခင်ဗျားမှာအဖြေရဖို့ အခွင့်အရေးက ရာခိုင်နှုန်း အတော်ကို နည်းတာပါ။ ခင်ဗျားမှာ မိန်းကလေးတစ်ယောက် အထင်ကြီးနိုင်တဲ့ ပကာသနတွေ အတော်အသင့် ရှိဖို့လိုတယ်။ ဘယ်လိုဟာမျိုးတွေလဲတော့ မပြောတော့ပါဘူး။ ခင်ဗျားတို့သဘောပေါက်မှာပါ။ အဲ့လိုမျိုး  အရာတွေ ခင်ဗျားမှာ တစ်ခုမှ မရှိရင် အကြံပေးချင်တာတော့ အနည်းဆုံး သုံးယောက်လောက် Target ထားကြည့်ပါ။ အဲ့တာဆို ခင်ဗျားမှာ ၃၃.၃၃ ရာခိုင်နှုန်း ရည်းစားရနိုင်ချေရှိပါတယ်။


ကျွန်တော် တကယ်ပြောပြချင်တာက ရည်းစားရနည်း မဟုတ်ဘူးဗျ။ ခင်ဗျား ဘယ်လိုကောင်မလေးမျိုး နဲ့ရည်းစားဖြစ်မယ်ဆိုတာပါ။ များသောအားဖြစ်တော့ စကားပြောလို့ကောင်းတဲ့ ကောင်မလေးမျိုးတွေပေါ့။ ပြောကြတာတော့Chemistry ငြိတယ်ဆိုလား။ အဲ့နေရာမှာ သူတို့ဘက်က စကားပြောကောင်းတာမျိုးကျတော့လည်း ခင်ဗျားမှာအပေါ်ကပြောတဲ့ ပကာသနတွေထဲက တစ်ခုခု ပိုင်ဆိုင်ထားတယ်လို့ မှတ်ပါ။


Online ကနေ ရည်းစားဖြစ်သွားရင် သေချာတာကတော့ ခင်ဗျား အဲ့ကောင်မလေးကို တကယ်ချစ်သွားတာမျိုးမဟုတ်သေးပါဘူး။ စကားတွေပြောနေတုန်းမှာ ခင်ဗျားစိတ်ထဲကနေ ဖန်တီးလိုက်တဲ့ Clone လေးတစ်ယောက်ကိုချစ်သွားတာပါ။ အဲ့ Clone လေးက တကယ်ချစ်ဖို့ကောင်းတာပါ။ အပြစ်ရယ်ဆိုလို့ကို ပြောစရာကို မရှိတာပါ။ ဒီလိုနဲ့ ရည်းစားဖြစ်သွားပြီဆိုတော့ ချိန်းတွေ့ကြ ဘာညာတွေ ဖြစ်လာပြီပေါ့။ အဲ့မှာမှ ခင်ဗျား အဲ့လူသားကို တကယ်သံယောဇဉ်တွယ်ပြီး ချစ်သွားတာပါ။ ဒီနေရာမှာ အဖြစ်များတာတော့ ခင်ဗျားအရင် ချစ်နေတဲ့ Clone လေးနဲ့ ဘယ်နေရာမှကို မတူတဲ့စရိုက်တွေ စပေါ်လာတာပါ။ အဲ့အချိန်တွေမှာ ပြသနာအတော်တက်ကြပါတယ်။ အဲ့တာကြောင့်လည်း ၆လအောက်မှာ အတွဲတွေ အပြတ်များကြတာ ထင်ပါတယ်။ ဒီတော့ ခင်ဗျား အဲ့အဆင့်ကျော်သွားပြီဆို ၈လနဲ့အထက်မှာ ဒီကောင်မလေးကို ခင်ဗျား သံယောဇဉ်တော်တော်ရှိနေပါပြီ။ အဲ့အချိန်တွေဆို ပိုပြီး ရင်းနှီးတဲ့အဆင့်ရောက်လာပါပြီ။ ဘယ်နေရာဖြစ်ဖြစ် တစ်တွဲတွဲဖြစ်နေတဲ့ အဆင့်ပေါ့။ အဲ့လိုမျိုး ပိုနီးကပ်လာလေလေ နောက်ထပ်နောက်ထပ် ခင်ဗျား မထင်ထားတဲ့အရာတွေ ပေါ်လာလေပဲ။ ဒီလိုနဲ့ တစ်နှစ်ခွဲ နှစ်နှစ်လောက်မှာ RS တွေ ပြတ်ကြပါတယ်။


အဲ့အဆင့်လည်း ကျော်သွားပြီဆို သေချာပါတယ် ခင်ဗျား Comfort Zone ထဲရောက်နေပါပြီ။ She is the one ဖြစ်နေပါပြီ။ အဲ့အချိန်မှာ အများစုကတော့ ပြသနာတက်တိုင်း ဟိုဘက်ကလျှော့ ဒီဘက်လျှော့နဲ့ ပြန်ပြေလည်အောင် နေကြပါတယ်။ ဘာလို့ဆို အဲ့အချိန်မှာ ခင်ဗျား နောက်ပြန်လှည့်ကြည့်ရင် ခင်ဗျားတို့ နှစ်ယောက် ဖောက်လာတဲ့လမ်းခရီးက တော်တော်ရောက်နေပါပြီ။ အဲ့အဆင့်မှာ ပြတ်ကြတာတွေလည်း အများကြီးပါ။ ဘာလို့ပြတ်ကြတာလည်းတော့ Interview မလုပ်ဖူးတော့ အရမ်းမသိပါဘူး။ ဒီလိုနဲ့ တစ်ချို့က တွေ့ရာလူနဲ့ တွဲကြပြီး တစ်ချို့ကတော့အိမ်ကပေးစားတာနဲ့ လက်ထပ်လိုက်ကြပါတယ်။ တစ်ချို့တွေကြတော့လည်း အဲ့အချိန်မှပဲ ပြတ်ခဲ့တာတွေနောင်တရ ဘာညာပေါ့။ ဒါပေမယ့်လည်း မမှီတော့ပါဘူး။ ဒါပေမယ့် အဲ့အချိန်ကတော့ အသည်းတွေကွဲပြလို့ကောင်းတဲ့အချိန်ပေါ့။


ပြောလိုက်သမျှက အကုန်ပြတ်တာတွေချည်းပဲဆိုတော့ အချစ်ဆိုတာကြီးက တကယ် မရှိသလိုတောင် ဖြစ်လာပါတယ်။ မပြတ်ကြတဲ့အတွဲတွေကတော့ တစ်နှစ်ကျော်ကျော်ကနေ သုံးနှစ်လောက်အတွင်းမှာ လက်ထပ်လိုက်ကြတာတွေ ထင်တာပဲ။ ခင်ဗျားမှာ စွန့်စားနိုင်တဲ့အစွမ်း ဒါမှမဟုတ် မိသားစုက စောက်ရမ်းပြေလည်တဲ့ အသိုင်းအဝိုင်းကဆိုရင်တော့ ခင်ဗျား လက်ထပ်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ အဲ့လိုလက်ထပ်လိုက်တော့ အနည်းနဲ့အများတော့ပြသနာနည်းသွားမယ် ထင်တယ်။ အထူးသဖြင့် ‘မောင်ဘာလုပ်နေလဲ’ ဆိုပြီး ခင်ဗျား စာမပြန်ဖြစ်တာကနေ စတဲ့ပြဿနာအချို့ပေါ့။ နောက်တစ်ခုက လက်ထပ်ပြီးသွားတော့ ‘အသွေးအသားလေးများ မင်းအတွက်ပါပဲ’ ကစလို့သားသားမီးမီးတွေလည်း ပါလာတော့ တစ်ခုခုပြဿနာတက်တိုင်း ပြန်ကြည့်ရမယ့် မျက်နှာတွေနဲ့ ပြတ်ဖို့ဆိုတာ မရှိကိုမရှိနိုင်တော့တာပါ။


အဲ့လိုမျိုး လက်မထပ်နိုင်တဲ့လူတွေ ဘာလို့ပြတ်ကြလည်းဆိုတာ အချိန် ပြန်တွက်ကြည့်မယ်ဗျာ။ ခင်ဗျား ရည်းစားပထမဆုံး အတည်စထားတဲ့ အချိန်က တက္ကသိုလ် စတက်နေတုန်း ၁၆၊ ၁၇ လောက်ပေါ့။ အဲ့တော့ ခုနကပြောတဲ့ နှစ်အောက်မှာ လက်ထပ်ဖို့ဆိုတာ ခင်ဗျား ကျောင်းမပြီးသေးပါဘူး။ အဲ့နေရာမှာ ခင်ဗျားက အပေါ်ကပြောတဲ့နှစ်မျိုးထဲကဆိုရင်တော့ မပြတ်ပါဘူး။ တကယ်လို့များ ခင်ဗျားက အိမ်မက်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ မိသားစုကပထမဆိုတဲ့ကောင်တွေထဲကဆိုရင်တော့ သေချာပါတယ်၊ အခုချိန်မှာ ခင်ဗျားမှာ မိန်းမမရှိသေးပါဘူး။


အမှန်အတိုင်းပြောရရင် အချစ်ကိုကိုးကွယ်ပြီး အရာရာကိုစွန့်စားသွားတဲ့ကောင်တွေကို လေးစားတယ်ဗျ။ သူတို့မိဘတွေကတော့ စိတ်ဆိုးကြမှာပါ။ ခင်ဗျားက စောက်ရမ်းပြေလည်တဲ့ အသိုင်းအဝိုင်းကလည်း မဟုတ်ဘူးဆိုရင်သေချာပါတယ် အသက်မွေ့ဝမ်းကြောင်းပညာ နဲ့ မဟုတ်တဲ့တစ်ခုခု ခင်ဗျား လုပ်နေရပြီ။ ဘာပဲဖြစ်ဖြစ် အဆင်မပြေတိုင်း ဖက်ငိုလို့ရမယ့် ပခုံးတစ်ဖက်တော့ ခင်ဗျားမှာရှိတယ်။ ‘အရင်လိုဘဝမျိုးရောက်ချင်တယ်’ သီချင်းထဲကလိုတော့ မဖြစ်စေနဲ့ပေါ့ဗျာ။ သူ့မိဘထားသလိုမျိုး သူ့ကိုထားနိုင်တာတော့ အကောင်းဆုံးပေါ့။


ကျွန်တော့်အထင်တော့ ကျောင်းပြီးလို့ အလုပ်ခွင်ထဲရောက်ပြီးမှ အချစ်နဲ့တွေ့ပြီး လက်ထပ်လိုက်ကြတဲ့လူတွေ ပိုများလောက်မှာပါ။ အဲ့အချိန်ကလည်း ခင်ဗျားက ဦးနှောက်နဲ့ နှလုံးသားကို ကြားချပြီး အသုံးပြုလို့ရတယ့်အရွယ်မို့လို့ပါ။ နောက်တစ်ခုက အလုပ်လေးလည်းရှိ ကျောင်းလည်းပြီးပြီးသားဆိုနေတော့ ခင်ဗျားကိုယ် ခင်ဗျားပိုင်ပါတယ်။ မိဘရဲ့ အုပ်စိုးမှုကလည်း ရာခိုင်နှုန်း အတော်နည်းသွားပြီကိုး။ ကျောင်းကတည်းကနေ ခုလောက်အချိန်ထိမပြတ်ပဲ ရှိနေသေးတယ့်အတွဲတွေကတော့ ကံကောင်းကြပါတယ်။ ကျွန်တော်ကတော့ အဲ့ထဲမှာမပါတော့ ကံမကောင်းတယ့် စင်ဂယ်လေးပေါ့။


ဒီစာက ကျွန်တော် အသက် ၂၂ နှစ်မှာရေးတော့ အသက် ၃၀ ရောက်ရင် ဟာသဖြစ်ရင် ဖြစ်နေနိုင်ပါတယ်။ အဲ့တော့လည်း ကလေးထိန်းရင်း ဖတ်ပြီး ရီတာပေါ့။ ကဲ ခင်ဗျားတို့အားလုံးလည်း ကိုယ်ချစ်တဲ့လူနဲ့ တစ်ဘဝလုံး လက်တွဲနိုင်ပါစေဗျာ။


P.S. ခုလိုမျိုး အရာတွေကြားထဲမှာ ခင်ဗျားတို့ မိန်းကလေးတွေကို အပေါ်ကပြောသလိုမျိုး ပြစ်သွားတဲ့ကောင်တွေကိုရော၊ ခုချိန်ထိ မိဘကို အတိုက်အခံလုပ်ပြီးတွဲနေတဲ့ ကောင်တွေရောကို ပိုနားလည်ပေးလိုက်ကြပါ။ ခင်ဗျားလေးတို့ မုန်းတီးရင်လည်း ဒီကောင်တွေ ခံရမှာပါပဲ။ ‘ယောက်ျားကြီးတန်မဲ့ ငိုနေတယ်’ ဆိုတဲ့စကားအတိုင်း ပြတ်သွားလို့ငိုနေတယ့် သတ္တဝါတွေ အများကြီးပါ။




Comments

Popular posts from this blog

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ

The last cigarette

သူတို့စကားမပြောဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ သူကျွန်တော့ကိုပြောတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အဲ့ဒီညမှ ကောင်မလေးဆီက ဖုန်းဝင်လာတယ်တဲ့။ ဒီကောင်က ည ၁၀ နာရီနောက်ပိုင်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် ကောင်မလေးဆီကဆိုတော့ ကိုင်လိုက်တယ် ထင်ပါတယ်။ သူတို့နှစ်ယောက် ၁ နာရီလောက်ဖုန်းပြောဖြစ်တယ်လို့ သူပြောတယ်။ ဒါပေမယ့် သူပြန်ပြောပြတဲ့အကြောင်းအရာတွေအရဆို ၁ နာရီလုံး ဖုန်းပဲ ကိုင်ထားကြတာ ထင်တယ်။ သူပြောပြသလောက်တော့ ကောင်မလေးက သူနဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီစကားတွေ ကြားရတော့မယ်ဆိုတာ သူကြိုသိနေပေမယ့် သူ့ဘက်က အဆင်သင့်ဖြစ်သေးပုံမပေါ်။ ဘာလို့လဲဆိုတော့ သူပြောပြသလောက် ကောင်မလေးသူ့ကို အဆက်ဖြတ်ဖို့ပြောတာ ၅ ကြိမ်မက လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီတစ်အခေါက်မှာတော့ သူလက်ခံလိုက်ပုံရတယ်။ အရင်အခေါက်တွေတုန်းကတော့ ကျွန်တော်နဲ့ကော်ဖီခါးခါးတစ်ခွက်က သူ့ကိုနှစ်သိမ့်ပေးနိုင်ခဲ့တယ်။ သူအတော်ပင်ပန်းနေပြီလို့ ပြောတာလည်း ကျွန်တော့ နားနဲ့မဆံ့အောင်  ခဏခဏကြားဖူးတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အခုအချိန်ကလည်း အဆင်ပြေတယ်ဆိုတဲ့သူ ဘယ်သူရှိလို့လဲ။ အကုန်လုံးက ဖြစ်ချင်တာတွေအကုန် အံဆွဲထဲထည့်၊ အိမ်မက်တွေက အမှိုက်ပုံးထဲရောက်။ အရာရာ ဖြစ်...