ကျွန်တော်တို့တွေ လူ့လောကထဲ စရောက်လာကတည်းက မိဘတွေက ညအချိန်ဆို အိပ်တတ်အောင် လေ့ကျင့်ပေးခဲ့ကြတယ်။ ညတွေဟာ အိပ်စက်အနားယူစရာအဖြစ် ကျွန်တော်တို့ရဲ့ ခေါင်းထဲကို ရိုက်သွင်းပေးခဲ့တယ်။ ဒါပေမယ့် ခင်ဗျားသိလား၊ ညတွေဟာ အိပ်စက် အနားယူဖို့ သိပ်ပြီးနှမြောစရာကောင်းတယ်။ ညတစ်ညရဲ့ တိတ်ဆိတ် ငြိမ်သက်မှုဟာ ကျွန်တော်တို့အတွေးတွေကို မျောလွင့်ဖို့ခွင့်ပြုပေးထားတယ်။ ညအချိန်မှာ ဘာလုပ်လုပ် အရာရာဟာ တင့်တယ်တယ်။
အခန်းထောင့်နားက ဖယောင်းတိုင်တစ်တိုင်၊ ဂစ်တာတစ်လက်၊ ဖက်ကြမ်းတစ်လိပ်နဲ့ည၊
အလုံပိတ်မဟုတ်တဲ့ ဘားတစ်ခုက ဝီစကီတစ်ခွက်၊ အမြည်းတစ်ပွဲ၊ acoustic music နဲ့ည၊
အလင်းဆိုင်တစ်ဆိုင်က ဘောလုံးပွဲတစ်ပွဲ၊ လက်ဖက်သုပ်တစ်ပန်းကန်၊ ကျဆိမ့်တစ်ခွက်နဲ့ည၊
မြို့ပြရဲ့လမ်းမကြီးတွေပေါ်က ကားတစ်စီး၊ သူငယ်ချင်း သုံးယောက်၊ အကြောင်းအရာမဲ့ ရယ်သံတွေနဲ့ည၊
လမ်းထိပ်မီးကင်းက ရေဒီယိုတစ်လုံး၊ ရေနွေးကြမ်းတစ်အိုး၊ စောင်တစ်ထည်နဲ့အဖိုးအိုရဲ့ည၊
ဈေးကြီးပေးမှ ဝင်ခွင့်ရတဲ့ အမှောင်ခန်းတွေထဲက မှိတ်တုတ်မီးတွေ၊ EDM နှင့်အတူ ရစ်မူးနေတဲ့ လူငယ်တွေရဲ့ည၊
ကွင်းပြင်ကြီးက ခံစားချက်တူသူတွေပြည့်နေတဲ့ ရော့ခ်စတိတ်ရှိုးတစ်ခုရဲ့ည၊
အေးစိမ့်နေတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ရဲ့ မီးပုံပွဲည၊
ခုံပုလေးတွေနဲ့ လမ်းဘေးထမင်းကြော်ဆိုင်ရဲ့ည၊
အဝါရောင်မီးဖျော့ဖျော့၊ အချစ်သီချင်းအေးအေး၊ ဝိုင်တစ်လုံးနဲ့ ချစ်သူနှစ်ဦးရဲ့ည၊
မိန်းကလေးအဆောင်ရှေ့က ကျောင်းသားတစ်စုရဲ့ ဂစ်တာတွေနဲ့ သံပြိုင်သီဆိုနေတဲ့ည၊
လရောင်အောက် ထုပ်စည်းတိုးနေတဲ့ ကလေးတွေရဲ့ည၊
ဝရန်တာတစ်ခုက မြေးလေးရဲ့ အဆုံးမရှိတဲ့မေးခွန်းတွေကို မမောတမ်းဖြေနေတဲ့ အဖိုးအိုရဲ့ည၊
အသည်းကွဲလူနာတစ်ယောက်ရဲ့ နားကြပ်နှစ်ဖက်နဲ့ အိပ်ယာပေါ်မှာ ငိုနေတဲ့ည၊
စသဖြင့် ညတွေတိုင်းဟာ အဖိုးတန်နေတယ်။ တစ်ချို့ညတွေဟာ ပြန်ပြောစရာ အမှတ်တရအဖြစ်နဲ့ပဲ ရှိခွင့်ရတော့တယ်။ ဒီကမ္ဘာကြီးမှာ နေ့နဲ့ညသာ တစ်လှည့်ဆီ ဖြစ်မနေရင် လူသားတွေရှင်သန်မှုဟာ အဓိပ္ပာယ်မဲ့နေမလားပဲ။
Comments
Post a Comment