မင်းသိလား
အိမ်ရှေ့က ဗန်ဒါပင်ကို
မင်းကို ချစ်တဲ့အကြောင်းတွေ
ကိုယ် ပြောပြဖြစ်တယ်
သူလည်း
ရွက်နုတွေကြွေလို့
ကိုယ့်အတွက် စိတ်မကောင်းဖြစ်ပေးရှာတယ်
ရှေ့လထဲ မိုးတွင်းရောက်တော့မှာဆိုတော့
ကိုယ့်အိမ်ဝရန်တာနားမှာ
ကိုယ့်စကားနားထောင်ပေးနေကျ
သူ့ရဲ့အကိုင်းတွေကို
လူကြီးတွေ ခုတ်ပြစ်လိုက်ကြတယ်ကွာ
ကိုယ်စကားပြောဖော်မဲ့နေတာ
သူမကြည့်ရက်ပုံပဲ
နောက်နေ့မှာ အရွက်အသစ်တွေနဲ့
အကိုင်းအသစ်လေးတွေ
ချက်ချင်းပြန်ထွက်လာပေးရှာတယ်
သူလည်း ဘေးက
ကိုယ့်အဖိုးစိုက်ခဲ့တဲ့အပင်ကြီးကို
လွမ်းနေမှာ သေချာတယ်
ကိုယ်ငယ်ငယ်ကဆို
ကိုယ့်အိမ်ရဲ့ ဘယ်ညာကနေ
သူတို့ အကိုင်းလေးတွေ
ဖက်တွယ်ကြည်နူးနေတာလေး
ကိုယ်လွမ်းမိတယ်ကွာ
ကိုယ်အထီးကျန်မှ
သူနဲ့စကားပြောဖြစ်တာလေးတွေတော့
သူခွင့်လွှတ်မယ်လို့ ကိုယ်ထင်ပါတယ်
လူတွေက တစ်ခါတစ်လေကျ
ကိုယ့်ကိုစိတ်ပျော်အောင်
လုပ်ပေးပေးတတ်တဲ့သူတွေကို
အဆင်ပြေနေချိန်မှာ
မေ့မေ့လျော့လျော့ နေတတ်ကြတယ်လေ
ဘာပဲဖြစ်ဖြစ် ကိုယ်အသက်ကြီးလို့
ခြံကျယ်ကျယ်မှာ နေခွင့်ရရင်
သူ့လိုမျိုး သူတစ်ပါးအတွက်
ရယူချင်းမရှိ အရိပ်ပေးတတ်တဲ့အပင်လေးတွေ
ကိုယ်ခပ်များများ စိုက်မယ်ကွာ
သူ့ကိုစကားပြောနေကျ
ကိုယ်မရှိတော့ရင်
ကိုယ့်အိမ်ဝရန်တာလေးကို
အရင်လိုပဲ
အေးချမ်းအောင် ဆက်လုပ်ပေးဖို့တော့
ကိုယ်အမြဲမှာဖြစ်တယ်
မင်းလည်း
ကိုယ့်အိမ်ရှေ့ရောက်ဖြစ်ရင်
သူ့ကိုကျေးဇူးတင်ကြောင်း
ကိုယ့်အစား ပြောပေးဦးကွာ
Comments
Post a Comment