၁၉၉၈ ဖေဖော်ဝါရီလ ၆ ရက် - ဒီနေ့လေးကတော့ နေ့တိုင်းအမှတ်တရ ဖြစ်နေသင့်တဲ့ နေ့တစ်နေ့ပဲ။ စောက်ရမ်းနေချင်စရာကောင်းတဲ့ လူလောကထဲ ပထမဆုံး စရောက်လာတဲ့ နေ့ဖြစ်နေလို့ပဲ။ အဲ့ဒီနေ့က လူလောကထဲ တကယ်လာချင်တာလား၊ မလာချင်တာလားတော့ မမှတ်မိတော့ဘူး။ သေချာတာကတော့ ရောက်ရောက်ချင်း ငိုနေခဲ့မယ်ဆိုတာပဲ။ အဲ့ဒီနေ့က မိုးရွာ၊ မရွာလည်း ကျွန်တော် မသိဘူး။ ဖေဖော်ဝါရီလလေဗျာ ရွာမယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် အဲ့ကိစ္စအရေးမကြီးဘူး။ နာမည်မှာ ‘မိုး’ တစ်လုံးတော့ အထည့်ခံခဲ့ရတာပဲ။ အမေ့နာမည်ဆီက ယူလိုက်တာပဲ ဖြစ်မယ်။ ဒီနာမည် ကျွန်တော်ကြိုက်လား၊ မကြိုက်လားဆိုတာထက် ကိုယ့်ကိုကိုယ်တောင် ဘာကောင်မှန်းမသိတဲ့အချိန်မှာ ဒီနာမည် အပေးခံခဲ့ရတာပဲ။ ခုချိန်မှာတော့ နေသားကျနေပြီလို့ပဲ ပြောရမယ်။
နောက်တစ်ခုက ဘာသာရေး။ ထုံးစံအတိုင်း မိဘတွေကိုးကွယ်တဲ့ ဘာသာပဲပေါ့။ ဒီလိုပြောတော့ မင်းက မကိုးကွယ်ချင်လို့လားဆိုပြီး မေးစရာရှိနေမယ်။ အဲ့လိုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရောက်နေတဲ့နေရာကတော့ မှားနေတာ အသေအချာပဲ။ ဘာသာပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်ဆိုပေမယ့် ကျွန်တော်လူဖြစ်လာကတည်းကနေ ဒီနေ့ထိတော့ ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်ချင်စရာကောင်းတဲ့ နေရာရောက်နေတာ မဟုတ်တာတော့ အသေအချာပဲ။ အဲ့တော့ ပြဿနာက ဘာသာရေးနဲ့ လူနေမှုဘဝမှာ ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ နေ့စဉ်ဘဝမှာ ငါဟာ သူတို့နဲ့ မတူဘူးဆိုတဲ့ အတွေးနဲ့ တူသယောင်ယောင် လိုက်ညှိပြီးနေရတာဟာ သိပ်ပြီးလွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်။ အဆိုးဆုံးကတော့ ‘ကုလား’ ဆိုပြီး Label အတပ်ခံလိုက်ရတာပဲ။ ‘ကုလား’ လို့ အခေါ်ခံရတာနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ စာတစ်ပုဒ်တော့ ရှိတယ်။ ခုထိတော့ ရင်ဖွင့်သင့်တယ်လို့ မထင်သေးတော့ မတင်သေးပါဘူး။
ဒီလိုနဲ့ အသက်အရွယ်အားဖြင့် ကျောင်းတက်ရမယ့်အရွယ်ရောက်ရော။ အင်္ဂလိပ်စာကို မူကြိုအရွယ်ကနေစလို့ တက္ကသိုလ်ဝင်တန်းအထိ မိခင်ဘာသာစကားနဲ့အတူ ရွေးချယ်ခွင့်မရှိပဲ သင်ယူရတယ်။ ကဲ ဘယ်လောက်တောင် အထောက်အကူဖြစ်လိုက်လေမလဲ။ ပြဿနာက သင်ကြားမှုနဲ့ အရည်အချင်းစစ်ပဲရှိပြီး အသုံးချမှု နည်းပါးနေတာပဲ။ ဘယ်လိုဖြစ်နေတာလဲဆိုတော့ ခင်ဗျားနေရာတစ်ခုမရောက်ခင် နေ့စဉ်လည်ပတ်မှုမှာ အသုံးပြုခွင့်မရတာပဲ။ မသုံးနဲ့လို့တော့ မပိတ်ပင်ကြပေမယ့် အသုံးပြုသူတစ်ယောက်အတွက်တော့ ဟာသသဖွယ် ရယ်မောကြတာပဲ။ ဒါပေမယ့် ခုခေတ်နေ့စဉ်ဘဝတွေမှာ အသုံးဝင်တဲ့ Mobile Phone အစ Computer အလယ် အိမ်သုံးပစ္စည်းအဆုံး ကျွန်တော်တို့ဆီမှာ အင်္ဂလိပ်လိုတွေကြီးသုံးကြတာပဲ။ ကဲ တို့မြန်မာတွေ ဘယ်လောက်တော်ကြလဲကြည့်။ သေချာပြန်စဉ်းစားကြည့်ရင် နေ့စဉ်အသုံးပြုပစ္စည်းတွေမှာပါနေတဲ့ အင်္ဂလိပ်စာတွေက ထုတ်လုပ်သူတွေရဲ့ UX ကောင်းလို့ပဲလို့ ထင်တယ်။ ထားပါလေ။ ဒီကိစ္စဆက်ပြောရင် အငြင်းပွါးစရာတွေကြီးပဲ။ ကျန်တဲ့ ဘာသာရပ်တွေကတော့ အတိုင်းအတာတစ်ခုထိ အဆင်ပြေပါတယ်။ သမိုင်းဘာသာရပ် တစ်ခုပဲ သိပ်ဘဝင်မကျတာ။ ခေတ်အဆက်ဆက် အထင်ကရပုဂ္ဂိုလ်တွေရဲ့ သူတို့ဘဝမှာ စိတ်ထင်ရာလျှောက်လုပ်ခဲ့ရသမျှတွေ အလွတ်ကျက်ခဲ့ရတာပဲ။ ပညာရေးအရတော့ ခုကိုယ်တွေရောက်နေတဲ့နေရာ ရောက်ဖို့ ရှေးလူကြီးတွေက ဘယ်လိုကြိုးစားပေးခဲ့တယ် ဆိုတာတွေ လေ့လာမှတ်သားပြီး လူ့ပတ်ဝန်းကျင်ကြီးကို အခုထက်ပိုကောင်းအောင် ပြုပြင်နိုင်စွမ်းရှိဖို့ သင်ပေးတယ်လို့ ထင်တာပဲ။ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့အပါအဝင် အကုန်လုံးက လုပ်ချင်ရာ လျှောက်လုပ်ခဲ့ကြတာကြီးပဲ။ ဒါတွေကို ရှုထောင့်ပြောင်းပြီး အဆင်ပြေသလိုရေးခဲ့တာတွေက သမိုင်းဖြစ်သွားတာပဲ။ ဘာအဖတ်တင်လည်းဆိုတော့ လက်ရှိအချိန်မှာ တစ်ခုခုစိတ်တိုင်းမကျတိုင်း ရှေးလူကြီးတွေကို မေတ္တာပို့ပြီး ကိုယ့်သဘောကျ လိုက်ပြင်ရတာလေးပဲပေါ့။ ဒီကိစ္စလည်း ဒီလောက်ပဲပြောချင်တယ်။ မဟုတ်ရင် ကိုယ်ဘယ်လောက်သမိုင်းညံ့ဖျင်းကြောင်းကို ကြော်ငြာနေသလိုဖြစ်နေမယ်။
ဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ ဘဝရဲ့ အချိုးအကွေ့တစ်ခုနီးပါး အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲပေါ့ဗျာ။ သတ်မှတ်ချက်တွေအရ အမှတ်ကောင်းကောင်းရရင် တက္ကသိုလ်ကောင်းကောင်းတက်ခွင့်ရပြီး အလုပ်ကောင်းကောင်းမှာ ပိုက်ဆံကောင်းကောင်းရမယ်ပေါ့။ ဒီကိစ္စကြီးက လူတော်တော်များများရဲ့ခေါင်းထဲ အသေရိုက်ထဲ့ထားတဲ့အရာမျိုး ဘယ်လိုဖြစ်လို့ဖြစ်သွားမှန်း ကျွန်တော်မသိတာပဲ။ တက္ကသိုလ်ဝင်တန်းအမှတ်နဲ့ တက္ကသိုလ်တက်ခွင့် အဆင့်အတန်းခွဲလိုက်လို့လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားတက်ခဲ့တဲ့ တက္ကသိုလ်ကနေ ခင်ဗျားဘဝကို ခင်ဗျားအသေအချာဆက်လျှောက်လို့ရတာဆိုလို့ ဆေးတက္ကသိုလ်ပဲရှိမယ် ထင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အပါအဝင် တစ်ချို့လူတွေရဲ့ ဖင်ယားမှုတွေကနေ ဖြစ်လာတဲ့ရောဂါတွေ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကနေ ခင်ဗျားနာမကျန်းဖြစ်ဖို့အတွက် အခွင့်အရေးတွေများနေလို့ပဲ။ အဲဒီတော့ ဒီလိုအဖြစ်အပျက်တွေကြားကနေ ကျွန်တော်တို့ကို အသက်ရှင်ခွင့်ဆက်ပေးနိုင်တာက ခင်ဗျားကိုးကွယ်တဲ့ဘုရားပြီးရင် ဆရာဝန်တွေပဲ။ ဆရာဝန်တွေများလာတာက ပြဿနာတစ်ရပ်မဖြစ်တော့ပဲ ကောင်းကျိုးများနေလို့ပဲ။ အဲဒီတော့ တက္ကသိုလ်ဝင်တန်းအတွက် ခင်ဗျားတို့ ပထမဆုံးထားရမယ့်ပန်းတိုင်က ဆေးတက္ကသိုလ်တက်ခွင့်ရဖို့ပဲ။ ခင်ဗျားစိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ ထားရမှာပဲ။ သိပ်ပြီးနှာမြောစရာကောင်းတာကတော့ ခင်ဗျားမိဘတွေကို မလွန်ဆန်နိုင်တဲ့အခါ ခင်ဗျားဝါဿနာကို ခုနှစ်နှစ်နောက်ဆုတ်ပြီး ဆေးတက္ကသိုလ်ပြီးအောင် တက်ရတာပဲ။ နောက်တစ်ခုအနေနဲ့ Engineering ပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ Engineering အတွက် တက္ကသိုလ်က ခင်ဗျားလက် ၁၀ ချောင်းထက်ပိုများတာပဲ။ ဝင်ခွင့်အမှတ်တွေ ကိုယ်ဆီရှိကြပေမယ့် ဘယ်တက္ကသိုလ်တက်တက် ခင်ဗျားဘွဲ့က B.E. ပဲ။ အမှတ်များတဲ့ တက္ကသိုလ်တက်လို့ သင်ကြားရေးပိုကောင်းမယ်လို့ ခင်ဗျားထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်မှာတက်တက် ခင်ဗျားကြိုးစားအားထုတ်မှုနဲ့ အတွေ့အကြုံက အဓိကလို့ပဲပြောရမယ်။ ဒီတက္ကသိုလ်နှစ်ခုကိုပဲ ပြောသွားပေမယ့် ကျန်တာတွေလည်း ထူးမခြားနားပါပဲ။ ကျွန်တော်အတွင်းကျကျသိပ်မသိတဲ့အပေါ်မှာ ဆက်မပြောတော့ဘူး။
ခုပြောတာက ခင်ဗျား ပညာရေးလမ်းကြောင်းရွေးခဲ့ရင်ပေါ့။ တကယ့်လက်တွေ့မှာတော့ ခင်ဗျား အဝေးသင်တက်ပြီး စိတ်ပါတဲ့အရာလုပ်တာက ခင်ဗျားအတွက် ပိုအဆင်ပြေမယ် ထင်တာပဲ။ တက္ကသိုလ်တက်တဲ့အချိန်တစ်ခုကုန်တာမရှိတော့တဲ့အတွက် လုပ်ငန်းခွင်မှာ ရေးကြီးခွင်ကျယ်ရေးတတ်တဲ့ အတွေ့အကြုံဆိုတဲ့နှစ်အရေအတွက် ပိုရတာပဲ။ တက္ကသိုလ်ဝင်တန်းကနေ ၁၀ နှစ်အတိုင်းအတာမှာ ဘယ်လမ်းကြောင်းရွေးရွေး ရောက်မယ့်ခရီးက သိပ်မကွာနေလှဘူး။ တကယ်လို့ နိုင်ငံခြားထွက် ပညာဆက်လက်လေ့လာမယ်ဆိုလည်း ခင်ဗျား ဒီဂရီကြောင့် အရမ်းထူးခြားပြီး အခွင့်အရေးရနေဖို့က ၁၀၀ ရာခိုင်နှုန်း မသေချာနေဘူး။ အကုန်လုံးက အလုပ်တစ်ခုကောင်းကောင်းရဖို့ လုပ်နေကြတာပဲဆိုတော့ ခုနကပြောခဲ့တဲ့ ကြိုးစားအားထုတ်မှုနဲ့ အတွေ့အကြုံက အဓိကပဲ။
ကျွန်တော်ကတော့ တက္ကသိုလ်တက်တဲ့လမ်းကြောင်းကို ရွေးခဲ့တယ်ပေါ့။ ဒီလမ်းကြောင်းမှာ ကျွန်တော့်အတွက် ထူးထူးခြားခြား ပြဿနာရယ်လို့ မရှိပေမယ့် COVID ထဖြစ်တာက ဒုက္ခစရောက်တာပဲ။ အလုပ်ခွင်လိုလို တက္ကသိုလ်ကျောင်းသားလိုလို ယောင်လည်လည်နဲ့ ဖြတ်သန်းနေတုန်း ဘွဲ့ရခါနီးမှ ပြဿနာက နောက်တစ်ခု စတာပဲ။ သိတဲ့အတိုင်း အာဏာသိမ်းခံရတယ်ပေါ့။ ကျွန်တော်တစ်ကိုယ်တည်းပိုင်တဲ့အရာ မဟုတ်ပေမယ့် ဒီနိုင်ငံက လူသားတိုင်းနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် ကျွန်တော်အပါအဝင် အကုန်လုံးက ခံပြင်းကြရော။ ဒါပေမယ့် အဘတို့က ချစ်ရှာပါတယ်။ COVID ကြောင့်ဆိုပြီး အကြောင်းအရာခိုင်လုံစွာ ပိတ်ထားခဲ့တဲ့ တက္ကသိုလ်ပြန်တက်ခွင့် ပေးတယ်ဗျာ။ တက်ခြင်း၊ မတက်ခြင်းက ကျွန်တော့်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်း ဆုံးဖြတ်ပိုင်ခွင့် မရှိနေဘူး။ မိသားစုအပါအဝင် ပတ်ဝန်းကျင်မှာ ဆုံးဖြတ်ခွင့် တည်ရှိတယ်။ တက်ရင် အပြစ်ရှိသလို မတက်ရင်လည်း အပြစ်ရှိတယ်။ ဒီလိုတွေ ကထောက်ကစဖြစ်တော့ COVID က မကြည့်ရက်ရှာပါဘူး။ Third Wave ဆိုလား ထပ်ဖြစ်ပေးလိုက်တယ်။ ကဲ နေချင်စရာကောင်းလိုက်ပုံများ သေချင်တယ်လို့တောင် ပြောမထွက်ဘူး။ သေရဖို့အတွက် အခွင့်အရေးလည်း သိပ်များသကိုး။
စောက်ရမ်းပျော်စရာကောင်းလွန်းတဲ့ဘဝတွေမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ဗျာ။
Comments
Post a Comment