Skip to main content

မင်းနဲ့ ဝေးသွားခဲ့ရင်

မင်းနဲ့တူတဲ့ 

ဖြူဖြူသွယ်သွယ်ကြောင်လေးတစ်ကောင် 

မွေးမယ်။ 


မင်းကို ကိုယ်ခေါ်နေကျ နာမည်လေးပေးမယ်။


မင်းအိပ်နေကျ ခေါင်းအုံးမှာ သိပ်မယ်။

အိပ်ယာဝင်တေးလေးတွေလည်း ဆိုပြမယ်။

အိပ်ပျော်သွားရင် ပါးလေးကိုတစ်ချက်နမ်းမယ်။


ကိုယ်ဘယ်သွားသွားခေါ်သွားမယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ သူ့ကိုဖက်ပြီး မင်းအကြောင်းတွေ ပြောပြမယ်။


မင်းရယ်နေကျ ဟာသလေးတွေ ပြောပြရင်း ခြေသည်း၊ လက်သည်းလေးတွေ ညှပ်ပေးမယ်။ ရေချိုးပေးပြီးရင် မင်းဆွတ်နေကျ ရေမွှေးလေး ဖြန်းပေးမယ်။


ကိုယ်အလုပ်လုပ်နေရင် စောင့်ပေးနေကျမင်းလိုပဲ သူ့ကိုလည်းအနားမှာ ခေါ်ထားမယ်။ မင်းလိုပဲ ကွန်ပျူတာမှာ စာရိုက်မရအောင် နှောင့်ယှက်မလားတော့ မပြောတတ်။


မင်းကို သတိရတိုင်း စီးကရက်တစ်လိပ်သောက်မယ်။

သူ့ကို မီအိုတစ်ထုပ်ကျွေးမယ်။


ကိုယ်မရှိတော့ရင် သူ့ကို ကြောင်ချစ်တတ်တဲ့မင်းဆီပို့ပေးဖို့ မှာခဲ့မယ်။

Comments

Popular posts from this blog

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ
နီးစပ်ဖို့ကြိုးစားခြင်းဟာ ဝေးကွာခြင်းကို အခွင့်အရေးပေးသလို ဖြစ်မယ်ဆိုတာကို ငါသိပါတယ်၊ ဂျူလီယာ။ ငါတို့တွေဟာ အသစ်သစ်တွေကို ရင်ခုန်တတ်ကြတာ ထုံးစံပဲမဟုတ်လား။ ဘယ်မှာ ငါတို့တင်းတိမ်ရောင့်ရဲနိုင်ခဲ့လို့လဲ။ ဘာပဲဖြစ်ဖြစ် ငါတော့ကြိုးစားကြည့်ချင်တယ်။ ငါတို့နှစ်ယောက်က စောက်ရမ်းခမ်းနားတဲ့ စုံစမ်းမှုတစ်ခု ဖြစ်နိုင်တာပဲ။ ပြီးတော့ ငါတဒင်္ဂလေးတွေကို ယုံကြည်တယ်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်လ၊ တစ်နှစ်။ မည်သည့် အချိန်အပိုင်းအခြားမဆို ငါလက်ခံနိုင်တယ်။ ငါတို့ ရယ်မောရင်း ကုန်ဆုံးကြမယ်၊ ရန်ဖြစ်ငိုကြွေးရင်း အချိန်ဖြုန်းကြမယ်။ မင်းပဲစဉ်စားကြည့်လေ၊ ငါတို့တွေ ကိုယ့်သက်တမ်းရဲ့နောက်ဆုံးရက်ကို ကိုယ်တိုင်သတ်မှတ်လို့မှမရတာ။ တကယ်လို့ရရင်တော့ မင်းရဲ့သက်တမ်းကုန်ဆုံးချိန်နဲ့ အနီးဆုံးစက္ကန့်ကို ငါ့အတွက် သတ်မှတ်လိုက်မယ်။ အကြောင်းက ငါ့မျက်လုံးတွေနဲ့ အသက်မဲ့တဲ့ မင်းခန္ဓာကြီး မမြင်သွားချင်လို့ပဲ။ မင်းလည်း ငါ့အတွက် အလွန်ဆုံးခံစားရရင် စက္ကန့်ပိုင်းပေါ့။ ဒီတစ်ခုတော့ ငါတစ်ကိုယ်ကောင်းဆန်လိုက်မယ်။ ငါတို့ရှင်ကွဲ ကွဲမလား၊ သေကွဲ ကွဲမလား ငါမသိဘူး။ ငါသိတာ ငါတို့ကြိုးစားခဲ့တယ်ဆိုတာလေး ကျန်သွားဖို့ပဲ။ ကျန်တာမင်းသဘောပဲ။