ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ရွာကိုကန်လန့်ဖြတ်ပြီးစီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခု ရှိသတဲ့။ စမ်းချောင်းလေးရဲ့တစ်နေရာမှာ ကွေ့လေးတစ်ခု ရှိတယ်။ မနှစ်ကရေကြီးတော့ ရေစီးကြမ်းရာက ထိုအကွေ့လေးမှာ ချိုင့်ဝှမ်းတစ်ခုကျန်ရစ်ခဲ့တယ်။ အဲ့ဒီချိုင့်ဝှမ်းလေးမှာ ငါးကလေးတစ်ကောင် ရှိတယ်။ ထိုငါးလေးဟာ ဘေးနားက ထန်းပင်ကြီးကို တက်ကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားနေသည်ကို ရွာမှ ရွာသူရွာသားအတော်များများ သတိထားမိကြလေသည်။
ထူးထူးဆန်းဆန်းဖြစ်နေတော့ ရွာသားတွေက ဒီကောင်ဘာစောက်ရူးထတာလဲဆိုပြီး စူးစမ်းကြတော့တာပေါ့။ လေ့လာသူတွေရဲ့တွေ့ရှိချက်အရ ထန်းသီးတွေကြွေကြတာက စတယ်လို့ သိရှိရတယ်။ အကြောင်းမှာ ကြွေကျနေသည့် ထန်းသီးများ၏ အရဿာအား စွဲလန်းမှုပင်ဖြစ်သည်။ အဲ့ဒီတော့ ရွာသားများက ဒီကောင် လတ်လတ်ဆတ်ဆတ်ရှိသော ထန်းသီးအား မြည်းစမ်းကြည့်ချင်ပုံရသည်ဟု သတ်မှတ်ကာ လစ်လျှူရှုလိုက်ကြသည်။
ဒီလိုနဲ့ ငါးလေးမှာ ထန်းပင်တက်ဖို့ ကြိုးစားလိုက် ပြုတ်ကျလိုက်နဲ့ပေါ့။ ကံဆိုးတယ်ပဲပြောရမလား၊ ပြုတ်ကျတိုင်း ရေထဲ ပြန်မရောက်ရှာဘူး။ တစ်ခါပြုတ်ကျတိုင်းလည်း ကျန်းမာရေးပြန်ကောင်းဖို့ အတော်အချိန်ယူရရှာတယ်။ ထိုငါးလေး၏ ကြိုးစားမှု ရပ်တန့်မည့် အချိန်ကို ငါးလေးရော လေ့လာသူတွေရော သိနိုင်မည်ဟု စာရေးသူတော့ မထင်ပါ။ ပြန်မထနိုင်တော့သည်အထိ အနာတရဖြစ်သွားလျှင်တော့ ရပ်တန့်ကောင်းရပ်တန့်နိုင်ပါရဲ့။
Comments
Post a Comment