ငှက်ကလေးတစ်ကောင်သာဖြစ်ခွင့်ရမယ်ဆိုရင် ကိုယ့်အသိုက်ကို မင်းအိပ်ခန်းနဲ့အနီးဆုံးသစ်ပင်မှာ ဆောက်မယ်။ မင်းကို မနက်တိုင်းအိပ်ယာကထအောင် နှိုးပေးဖို့တာဝန်ကို ကိုယ်ယူမယ်။ အီလက်ထရွန်းနစ်ပစ္စည်းတစ်ခုရဲ့ ဆူဆူညံညံအသံထက်သာအောင် ကိုယ့်ရဲ့အသံကို အချိုသာဆုံးထားပြီး မင်းကိုနိုးထစေမယ်။ မနက်ခင်းတိုင်း ၅ မိနစ်၊ ၁၀ မိနစ်နောက်ကျခွင့်မပေးပဲအော်တတ်တဲ့ မင်းဒယ်ဒီရဲ့ ဆူညံသံမကြားရအောင် ကိုယ်တာဝန်ယူမယ်။ မင်းမျက်နှာသစ်၊ သွားတိုက်တာလိုက်စောင့်ပေးမယ်။ မင်းမျက်နှာကရေတွေခြောက်သွားအောင် မနက်ခင်းရဲ့လေပြေညှင်းကို မင်းအိပ်ခန်းပြတင်းပေါက်ကနေတစ်ဆင့် ကိုယ့်အတောင်ပံတွေခတ်ရင်း ပို့ဆောင်ပေးမယ်။ မင်းကော်ဖီသောက်နေတုန်း မင်းကြိုက်တတ်တဲ့နှင်းဆီပန်းလေး ခူးလာပေးမယ်။ မင်းကျောင်းသွားဖို့ ပြင်ဆင်တုန်း မင်းပစ္စည်းတွေမကျန်အောင် လိုက်ပြပေးမယ်။ မင်းကျောင်းသွားတဲ့လမ်းတစ်လျှောက် မင်းဒယ်ဒီကားပေါ်ကနေ ကိုယ်ဝဲပျံရင်း လိုက်လာမယ်။ မင်းစာသင်ခန်းပြတင်းပေါက်မှာ နေရာယူမယ်။ ထမင်းစားနေတုန်း မင်းဖွင့်နေကြသီချင်းလေး တီကြူးမယ်။ မင်းကိုစကားလာပြောတဲ့ကောင်လေးတွေရဲ့ဆိုင်ကယ်ပေါ် အမှိုက်ဖွမယ်၊ ခေါင်းပေါ်ကို အသီးအခွံတွေပစ်ချမယ်။ အိမ်ပြန်ခါနီး မင်းဒယ်ဒီကားလိုက်စောင့်ပေးမယ်။ မင်းအနားယူတဲ့အချိန် ဆူဆူညံညံနှောက်ယှက်တတ်တဲ့ လမ်းထဲကကလေးတွေကို မောင်းထုတ်မယ်။ ပင်ပန်းနေတဲ့မင်းမျက်လုံးတွေ အနားယူအိပ်စက်ဖို့ ကိုယ်တာဝန်ယူတယ်။ ရေချိုးနောက်မကျအောင် ကိုယ်အမှီနှိုးပေးမယ်။ ညနေခင်းဆည်းဆာအတူတူကြည့်ဖို့ ကိုယ်ဝရန်တာမှာ စောင့်နေမယ်။ ဝမ်းနည်းတတ်တဲ့မင်းအတွက် မင်းအနားမှာ ကိုယ်နှစ်သိမ့်ပေးမယ်။ မင်းဂစ်တာတီးရင် ကိုယ်သီချင်းဆိုမယ်၊ မင်းသီချင်းဆိုရင် ကိုယ်ကမယ်။ ဝရန်တာမှာ မင်းအထီးကျန်စွာတစ်ယောက်တည်းထိုင်နေတိုင်း မင်းအဆင်မပြေတာတွေနားထောင်ပေးဖို့ ကိုယ်အဆင်သင့်ဖြစ်အောင်နေမယ်။ အခွင့်ကြုံရင် လမင်းကြီးနဲ့ ကြယ်တာယာတွေကို အကူအညီတောင်းမယ်။ မင်းဖုန်းသုံးနေရင်းပြုံးနေတာ ကိုယ်ထိုင်ကြည့်မယ်။ မင်းအိပ်ချိန်နောက်မကျဖို့ ကိုယ်သတိပေးမယ်။ ကိုယ့်ဘာသာစကားနဲ့ ကောင်းသောညဖြစ်ဖို့ ကိုယ်လှမ်းပြောမယ်။ မင်းရဲ့မျှော်လင့်ချက်တွေ စိတ်ကူးတွေအထမြောက်ဖို့ ကိုယ်တစ်ညလုံးဆုတောင်းမယ်။ ကိုယ့်တစ်နေ့တာကို မင်းအတွက်ပဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းမယ်။ မင်းနှလုံးသားက ကွက်လပ်တစ်ခု ကိုယ်မသိမသာ ဖြည့်မယ်။ ဒီလောက်ပါပဲ။
လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
Comments
Post a Comment